Thursday, May 07, 2009

မွန်သူရဲကောင်း(လဂွန်းအိန်)

စောလဂွန်းအိန်

လဂွန်းအိန်သည် သုရ
ှင်ရာဇာဓိရာဇ်၏ အားထားရသော သူရဲကောင်း တစ်ယောက် ဖြစ်သည်။ သုရှင်သည် ကိုယ်တိုင် စစ်သူရဲကောင်း တစ်ယောက် ဖြစ်သည့်အပြင် သူရဲကောင်းတို့ကိုလည်း အလွန်ချစ်မြတ်နိုး တန်ဖိုးထားလေသည်။ လဂွန်းအိန်သည်လည်း သူရဲကောင်းပီပီ ဘုရင်သစ္စာတော်ကို အသက်ပေး၍ ထမ်းရွက်သူ ဖြစ်သည်။ လဂွန်းအိမ်၏ ငယ်နာမည်မှာ မသလုံ ဖြစ်သည်။ တိုက်ကုလားမြို့ကို စားရပြီး လဂွန်းအိန် ဟူသောဘွဲ့ ချီးမြှင့်ခြင်းခံရသည်။ အဓိပ္ပါယ်မှာ သိကြားမင်း ကဲ့သို့ စွမ်းသူ ဟူ၍ဖြစ်သည်။ ခေါင်ငါးဆက် အိမ်ကြီးကို ပိုင်ဆိုင်ရပြီးနောက် လဂွန်းအိန်သည် ပိုမိုထင်ရှား လာသည်။

လဂွန်းအိန်က သက်ဦးဆံပိုင်ဘုရင် သုရှင်ရာဇာဓိရာဇ်ကို အချစ်စမ်းပုံမှာ မထိတ်သာ မလန့်သာရှိ လှသည်။ ရာဇာဓိရာဇ်၏ သူရဲကောင်းတို့ အပေါ်ထားသော စိတ်သည်လည်း ချီးကျူးဖွယ် ကောင်းလှသည်။

သက္ကရာဇ် ၇၅၀ ခုနှစ်တွင် မြောင်းမြစား လောက်ဖျားနှင့် ဒလစား မညီကံကောင်း(ရာဇာဓိရာဇ် ၏ အမေတူ၊အဖေကွဲ နောင်တော်)တို့ ပူးပေါင်းပြီး ရာဇာဓိရာဇ်ကို ပုန်ကန်ရန် ကြံစည်ကြသည်။ ဒလစား မညီကံကောင်းကို ရာဇာဓိရာဇ်က ချေမှုန်းနိုင်ခဲ့သော်လည်း မြောင်းမြစား လောက်ဖျားက အင်အားကောင်းကောင်းနှင့် အန်တုနေခဲ့သည်။ ထိုကြောင့် လောက်ဖျားကို စစ်ကူပေးနေသော ပုသိမ်သို့ ချီတက်တိုက်ခိုက် ခဲ့သည်။ တိုက်ပွဲမှာ အလွန်ပြင်းထန်လေသည် သုရှင်၏ အမတ်ရာဇမနု(မင်းကံစီ)လည်း ဆင်ထက်မှာ ပင် သေနတ်မှန်၍ ကျဆုံးခဲ့သည်။ပုသိမ်ကို စောင့်သူများမှာ အခြားသူများအဟုတ်ပေ။မြောင်းမြစား လောက်ဖျား၏ သားနှစ်ဦးဖြစ်သည့် လောက်သိန် နှင့် လောက်ရိုန် တို့ဖြစ်သည်။

သုရှင်ရာဇာဓိရာဇ်က လက်ရုံးသူရဲကောင်း လဂွန်းအိန်ကို ပုသိမ်ရေတပ်အား ဒေါင်းပေါင်းလုလင်မှ ရေကြောင်းတိုက်ပွဲ ဆင်နွှဲရန် အမိန့်တော် ချမှတ်ခဲ့သည်။ တိုက်ပွဲမှာ ကြမ်းတမ်းမည် ဖြစ်သောကြောင့် သူရှင်က လဂွန်းအိန် စိတ်ဓါတ်တက်ကြွ စေရန် အစီအစဉ် တစ်ခုလုပ်ခဲ့သည်။ ၄င်းမှာ သုရှင်၏ မိဖုရားခေါင်ကြီး ဒလသုဒ္ဓမာယာ(ရှင်စောပု၏ မယ်တော်)ကို လဂွန်းအိန်ထံသို့ ကွမ်းဆက်စေခြင်း ဖြစ်သည်။ ကျွန်တစ်ယောက်ထံ မိဖုရားကို ဘုရင်သုံးသည့် ကွမ်းအစ်နှင့်အတူ ကွမ်းဆက်စေခြင်း ဆိုသည်မှာ အလွန်ကြီးမြတ်သော ချီးမြှောက်မှုဖြစ်သည်။

သူရဲကောင်းကြီး လဂွန်းအိန်ကတော့ မိဖုရားထံက ကွမ်းကိုစားပြီး တပ်စခန်းသို့ ပြန်လေသည်။ တပ်စခန်းကို ရောက်ပြီး လဂွန်းအိန်က စဉ်းစားမိသည်မှာ သုရှင်က ငါ့ကို အစွမ်းကုန် ချီးမြှောက်လိုက်တာပဲ။ ဒါပေမဲ့ ငါစမ်းဦးမယ်။ သုရှင်က ငါ့ကိုတကယ် ချစ်မချစ် ချစ်ရင်လည်း ဘယ်လောက်ထိ ချစ်သလဲ ငါစမ်းဦးမယ်။ တကယ်ချစ်ရင် ငါ့အသက်စွန့်ပြီး အမှုတော် ထမ်းရွက်မယ်။ ထိုကဲ့သို့တွေးပြီး လဂွန်းအိမ်က တပည့်တစ်ယောက်ကို `ငါ့မေးရင် ငါနေမကောင်း ဘူးလို့ ပြော´ ဟုမှာကြားပြီး စောင်ခေါင်းမြီးခြုံ အိပ်နေလေ၏။

မိုးသောက်၍ စစ်ထွက်ရန် ပြင်ဆင်နေကြသည့် အချိန်တွင် အမတ်ဒိန်နှင့် ဗိုလ်မင်းကြီး သမိန်ဗြာဇ္ဇ တို့ တပ်ကို စစ်ကြသည့် အခါတွင် တပ်ဦး၌ လဂွန်းအိန်ကို မတွေ့ရပေ။ လဂွန်းအိန် တပည့်တပ်သားကို မေးသည့်အခါ နေမကောင်း၍ အိပ်နေကြောင်း ဖြေသည်။ ထိုကြောင့် ဗိုလ်မင်းကြီးနှင့် အမတ်ဒိန်တို့ လဂွန်းအိန်၏ လှေထက် အိပ်ခန်းသို့ ၀င်ကြည့်ကြလေသည်။ ထိုအခါ လဂွန်းအိန်က `မနေ့ညက မိဖုရား ကျွန်တော့်ထံ ကွမ်းလာဆက်စဉ် ရင်ဝတ်တော် လျောကျခဲ့တာ တွေ့ရပြီးတဲ့ နောက်မှာ ကျွန်တော်က မအိပ်နိုင် မစားနိုင် ဂယောက်ဂယက် ဖြစ်ခဲ့ပြီ။ စစ်ထွက်လည်း သေမယ် ။ စစ်မထွက်လည်း သေမယ်။ သေမှာချင်း အတူတူ ကျွန်တော် စစ်မထွက်တော့ဘူး´ ဟုလျောက် လေသည်။

အမတ်ဒိန်နှင့် သမိန်ဗြာဇ္ဇ တို့က အမျိုးမျိုး ဆုံးမသြ၀ါဒ ပေးကြသည်။ ဆူပူလိုက်၊ အကျိုးအကြောင်း ရှင်းပြလိုက် လုပ်သော်လည်း လဂွန်းအိန် နာမ၀င်ချေ။ အမတ်ကြီး နှစ်ဦးက ထပ်ဆုံးမသည်။ `စစ်ကာလမို့ သုရှင်က မင်းကို မိဖုရား ပေးတယ်ပဲ ထားဦးတော့ စစ်ပြီးတဲ့အခါ သုရှင်က တနုံ့နုံ့ရှိမယ်။ ရှိလေတိုင်း မင်းအကုသိုလ်တက်မယ် ၊ ကျေးဇူးရှင်ကို ကျေးစွပ်တဲ့ ယုတ်မာတဲ့အကြံ မင်းကြံရက်တယ်´ စသည်ဖြင့် အမတ်ကြီးက ပြောပြသော်လည်း လဂွန်းအိန်က နားမ၀င်ပဲ ပြန်လည် လျောက်ထားသည်မှာ `ဒါကျွန်တော့်ကြောင့် မဟုတ်ဘူး သုရှင်၏ အစီအမံကြောင့်သာ ဖြစ်ရတာ ၊ တောဆင်မထံ အာရုံငြိပြီး မုန်ယစ်နေတဲ့ ဆင်ပြောင်ကို ဆင်ကဲက မထိန်းနိုင်သလို ဦးရီးတော်တို့ ကလည်း ကျွန်တော်ကို ထိန်းနိုင်မှာ မဟုတ်ဘူး။ ထက်နေပြီးသား ဓါးကို သံချေးတက်၊ ပျက်တုံးစေပြီးမှ ဒီပျက်တုံးဓါးနဲ့ စစ်တိုက်မယ်တဲ့လား။ ဘယ်တော့မှ စစ်အောင်မှာ မဟုတ်ဘူး၊ ရန်သူ့ကို အောင်မြင်လိုလျင် ဓါးရှင်က သူဓါးကို ပြန်ထက်အောင်သွေး၊ သံချေးတွေတိုက်၊ ဒီလိုလုပ်မှ ဖြစ်မယ်။ အခုတော့မရ တော့ပြီ။ ကျွန်တော် စစ်မထွက်တော့ဘူး´ ဟု လဂွန်းအိမ်က ဘူးခံနေလေတာ့သည်။

အမတ်ကြီး နှစ်ဦးကလည်း မင်းကိုငါတို့ ဆုံးမတယ် မင်းကမနာယူဘူး။ ခုလိုအထွတ်တက် ချေပနေတာတွေကို သုရှင်ထံ သံတော်ဦးတင် ရမလား ဟုမေးသည့်အခါ လဂွန်း ဦးရီးတို့ သဘောအတိုင်း လုပ်ဆောင်ပါလေ ဟု ဆိုလေသည်။ အမတ်ကြီး နှစ်ယောက်မှာ အလွန်အကြပ်ရိုက် သွားသည်။ သို့သော် အချိန်ကလည်း မရှိတော့ပြီ ၊ ဆုတ်ဆိုင်းနေလို့ မသင့်တော် ၊ အချိန်ကြာလျင် စစ်ရေးစစ်ရာ ပျက်ချေတော့မည်။ ဖြစ်သမျှ အကြောင်းကို အလုံးစုံ သံတော်ဦးတင်ကြစို့ ဟုဆုံးဖြစ်ကာ ရှေ့တော်မှောက်သို့ ၀င်ကြလေသည်။ သို့သော် `လဂွန်းအိန် စစ်မထွက်ပါ အရှင်´ဟု လျောက်တင်ပြီး ရှေ့ဆက်ပြောရန် တော်တော် အခက်တွေ့နေကြလေသည်။ သုရှင်က ဘာဖြစ်သလဲ ဘာပြောသလဲ မေးသည့်အခါ `ကျွန်စဉ်းလဲ စကားကို မဆိုသာပြီ´ ဟုဆုတ်ဆိုင်းဆိုင်း ဖြစ်နေကြပြန်သည်။ သက်ဦးဆံပိုင် ဘုရင်တစ်ပါး၏ ရှေ့မှောက်တွင် ထိုကဲ့သို့ စကားမျိုး ပြောရန်မှာ အလွန်ခက်လှသည်။ အထူးသဖြင့် ရာဇာဓိရာဇ် ကဲ့သို့သော အမျက်ကြီးလှသော ဘုရင်ဆိုလျင် ပိုဆိုးသည်။ သုရှင်က ဆိုသာဆို ဟုပြောသောအခါမှ အကြောင်းစုံကို သံတော်ဦး တင်ကြသည်။

အမတ်ကြီးနှစ်ဦးသည် သုရှင်ချက်ချင်း ယမ်းပုံမီးကျပြီး လဂွန်းအိန်ကို သတ်စေဟု အမိန့်ချမည် ထင်သော်လည်း တက်တက်စင်အောင် လွဲလေသည်။ လျောက်တင်ချက်ကို သုရှင်က ကြားသောအခါ ပြုံးတော်မူလေသည်။ ထိုနောက် မိန့်တော်မူသည်မှာ `မိဖုရားကို ငါမနှမြော၊ သင်းကိုသာ ငါနှမြောသည်´ ဟုမိန့်၍ မိဖုရားကို အပါးတော်သို့ ခေါ်စေသည်။ ထို့နောက် ဆက်လက်မိန့်တော်မူသည်မှာ `ငါတို့ဘုရင်တွေ ဆိုတာ သူရဲကောင်းကိုလည်း ချစ်တာပဲ၊ မိဖုရားကိုလည်း ချစ်တာပဲ။ ဒီနှစ်ဖြာ အနက် မိဖုရားဆိုတာ ငါတို့ အဖော်အဖက်ပဲ။ လူ့ဘုံမှာ ငါတို့အာရုံဖြည့်ဖို့နဲ့ စိတ်ပျော်ရွင်ဖို့၊ သူရဲကောင်း ကျတော့ ရန်သူတွေကို တွန်းလှန်အောင်မြင်ဖို့ အဖော်၊ ထီးဖြူကို စောင့်ထိန်းသည့် အဖော်၊ နတ်ပြည် နိဗ္ဗာန်သာသနာတော်ကို ငါတို့ဆောင်နိုင်စေတဲ့ အဖော်၊ ငါတို့တွက် ကျက်သရေ မင်္ဂလာ တန်ခိုးအာနုဘော် ဖြစ်စေတဲ့ အဖော်။ မိဖုရားကို နှမြောနေလို့ မရဘူး၊ သူရဲကောင်းကို ပိုချစ်ရမယ် ၊ငါ့အနေနဲ့ ဒလသုဒ္ဓမာယာလို ချောမောလှပတဲ့ မိဖုရားမျိုး ရှာရင် တစ်နေ့မဟုတ် တစ်နေ့ရမှာ မုချ။ အခုလိုစစ်ပွဲကာလမှာ လဂွန်းအိန်လို သူရဲကောင်းမျိုး ရဖို့ခက်သည်´ ဟုမိန့်ကြားပြီး `ငါ့မိဖုရားကို ကောင်းစွာ ပြုပြင်မွမ်းမံလျက် ရွှေလောင်းတော်ဖြင့် လဂွန်းအိန်ထံ အမြန်ပို့ဆောင်စေ´ ဟုအမိန့်တော် ချမှတ်ခဲ့သည်။မိဖုရားလည်း သုရှင်ခြေထောက်ကိုဖက်ကာ ငိုယိုတောင်းပန်သေးသည်။

အမတ်ကြီး နှစ်ဦးကလည်း မိဖုရားကို ပို့ဆောင်ရေးတာဝန် ယူရပြန်သည်။ ဒီမှာတွင် သုရှင်က `လဂွန်းအိန် ဆန္ဒပြည့်ဝ စေဖို့ မိဖုရားကို ငါပို့ပေးလိုက်ပြီ ၊ ဆန္ဒပြည့်ဝရင် စစ်ချီမှာအောင်မြင်စေဖို့ ငါဆုတောင်းလိုက်တယ်´ လို့မှာလိုက်သေးသည်။

မိဖုရားကို ပို့လာပြီဟု သတင်းကြားသည်နှင့် လဂွန်းအိန်က ကန်တော့ပွဲ၊ ရွှေပန်း၊ ငွေပန်း၊ ဖယောင်းတိုင်၊ ပေါက်ပေါက် စသည်တို့ကို ပြင်ဆင်ပြီး အဝေးကပင် မိဖုရားကို လက်အုပ်ချီကန်တော့ ၀န်ချတောင်းပန်ပြီး ၊ အမတ်ကြီးနှစ်ယောက် ကိုလည်း ရှိခိုးကာ သုရှင်ရာဇာဓိရာဇ်ကို ရည်စူးပြီး ပြောသည်မှာ `တို့သခင်၏ စိတ်တော်ကိုသာ စမ်းသည်၊ ချစ်သနားတော်မူသည်မှာ မှန်သည်´။ထို့နောက် မိမိအပြစ်ကို ခွင့်လွှတ်ရန်နှင့်၊ ဦးရီးတော်တို့က မိဖုရားကို ပြန်လည် ခေါ်ဆောင်သွားရန်နှင့် ကျေးဇူးရှင်၏ စိတ်တော်ကို သိရပြီမို့ `ဒီလောက်စစ်ကို မဆိုထားဘိနှင့်၊ ဒီထက်ကြီးသည့် စစ်ပဲဖြစ်စေ၊ အသက်သေသည်တိုင် အမှုတော်ထမ်းရွက် ကျေးဇူးဆပ်ပါ့မယ်လို့ လျောက်ပေးကြပါ´ ဟုအမာတ်ကြီးနှစ်ဦး ကိုမှာလေသည်။ ထိုနောက်လဂွန်းအိန်က ချက်ချင်းပင် စစ်မြေပြင်သို့ ထွက်လေသည်။

ခက်ခဲကြမ်းတမ်းသော ၎င်းတိုက်ပွဲတွင် လဂွန်းအိန် စစ်နိုင်ပြီး ဒေါင်းပေါင်းလုလင်ကို ရလေသည်။ ထိုစာတွင် ဘုရင်နှင့်သူရဲကောင်း၊ သခင်နှင့်ကျွန်၊အချစ်စမ်းကြပုံမှာ သည်းထိတ်စရာကောင်းလှသည်။ သုရှင်ရာဇာဓိရာဇ်၏ စိတ်တော် သည်လည်း စံတင်လောက်သည်။ မကိုထိလျင် မွှန်ထူပြီး မတရားအမိန့်တော်များ ချမှတ်တတ်သည့် ဘုရင်များထဲတွင် သုရှင်ရာဇာဓိရာဇ် မပါချေ။ သုရှင်လက်ထက်တွင် မွန်တို့လက်ရုံးအလွန် ထွန်းတောက်ခဲ့သည်။ စင်စစ် သုရှင်သည် သမိုင်းထဲတွင် အလွန်အင်မတန်မှ ရှားပါးသည့်ဘုရင် တစ်ပါးဖြစ်သည်။ သူရဲကောင်းများကို မိမိဘုရင်နည်းတူ တန်းတူထား၍ ဆက်ဆံခဲ့သည်။ လောက်ဖျား၏ ကျွန်ယုံတော်နှင့်ပင် စီးချင်းထိုးခဲ့သည်။ ဘုန်းတော်ကြောင့် လောက်ဖျား၏သား ဗျည်းနွဲ့(မွန်မူ-မပစ်နွဲ့)က ဓါးထုတ်မရခဲ့ချေ။ သမိုင်းတွင် ဘုရင်နှင့်ကျွန် စီးချင်းထိုးသည် ဆိုသည်မှာ သုရှင်တစ်ပါးသာ ရှိသည်။ သုရှင်၏ သူရဲကောင်းများဖြစ်ကြသည့် လဂွန်းအိန်၊ အမတ်ဒိန်သမိန်ဗရမ်း စသည့်သူရဲကောင်း တို့သည်လည်း သုရှင်နှင့် အလွန်လို်က်ဖက်သည့် သူရဲကောင်းများဖြစ်သည်။


http://wikimyanmar.co.cc မှကူးယူဖော်ပြအပ်ပါသည်။

No comments: